Tuesday, May 18, 2010

သူငယ်ချင်း . . ငါတို့ ဖြူစင်ခဲ့ကြတယ်

လ သာသာ
ည မာယာ ထဲမျော
လွင့်နေလိုက်တာ စားပွဲပေါ်က
( ကွက်လပ် ) များ . . .
( ဥပမာ - မျက်ရည်စ များ . . )
နှလုံးသားကို စိုက်နစ်သွားတဲ့ အထိပဲ ။

ငါ ဆေးလိပ်သောက်တယ်
ငါ့အတွက် စိတ်လေးကြောင်း မင်းမပြောနိုင်တော့တာ
ကြာ . . ခဲ့ပေါ့
ငါတို့ တွေ ဝေး သွား လိုက် ကြ
ရတာ . . . . ၊

ကျောင်းသားဘ၀ . . .
မင်းလွယ်အိတ်လေး ငါလွယ်ပေးတော့
မင်း ပြုံးတယ်
ဖြူစင်လိုက်တာ . . ငုဝါ ရယ်
ငါ့ရာဇ၀င်မှာ ငါ
တစ်ရွက်ချင်း ကြွေကျခဲ့ရ . . . ၊
ဒါဟာ
ဘာနဲ့ မှလဲလို့ မရတဲ့
အရှင်းသန့် ဆုံး ချစ်ခြင်းမေတ္တာ ဆက်ဆံရေးပဲ
ဖြစ်တယ် ။

ဘယ်သူများ ငြင်းဆန်နိုင်မှာလဲ ၊
ကံတရားက ပိုင်းခြားခဲ့ပြီးမှတော့
ငါတို့ တွေ ဝေးသွားလိုက်ကြရုံ . . . .
တစ်ချိန်ချိန် ၊
တကယ်လို့ များ ငါတို့  ပြန်မတွေ့ ကြတော့ရင်
တကယ်လို့ များ . . .
ငါတို့ ပြန်မတွေ့ ကြတော့ရင် . .
တကယ်လို့ များ . . .
ငါတို့ 
့ပြန်မတွေ့ ကြတော့ရင် . .
ဒီကဗျာဟာ
မင်းကိုပေးတဲ့ ငါ့ရဲ့ 
နောက်ဆုံးလက်ဆောင်ပဲ ဖြစ်လိမ့်မယ် ။

" သူငယ်ချင်း . . ၊
ဆေးလိပ်က
လူကို ထိုင်းမှိုင်းစေတယ် . . . "

ငါ . . ထိုင်မှိုင်ရင်း . . . . . ။ ။

အမြင်သွေလွဲ အာရုံခံစားမှုလွန်

မနက်စောစော နုံးရိနေတဲ့စိတ်ဟာ အသားမာတက်
ဘယ်အချိန်ရောက်နေပြီလဲ ကိုယ့်ကိုကိုယ်ပြန်မေး
ရပါများလာတဲ့အခါ လမ်းဟာ တစ်လမ်းတည်း မသွားနိုင်တော့ဘူး

သူလည်း အကောင်းဆုံးပြင်ဆင်ခဲ့တာပေါ့ ဘယ်မှာလဲ
သူ့ အတွက် မြက်ခင်းစိမ်းလွင်ပြင်ဆိုတာတွေက ပြင်မရ ပြုမရနဲ့ 
မွဲမွဲလာတဲ့ အဲဒီ့ ( ဘာဆိုလား ) ကံတရားကြားမှာ ဓားစာခံ

အရင်းအနှီးနဲ့ အကျိုးအမြတ်ဟာ မျက်မြင်သက်သေပဲ
သရေပွဲတစ်ပွဲလို တစ်ယောက်ပခုံးတစ်ယောက်ပုတ်
ပြီး ဘယ်သူကမှလည်း လှည့်မပြန်နိုင်တော့ ဆိုတော့ကာ . . .

သူရောကိုယ်ရော ယစ်မောခဲ့ကြတဲ့ အဲဒီ့နေ့ ရက်တွေဟာ
အဲဒီ့နေ့ ရက်တွေမှာပဲ ပြန်လည်ဝါးမြုံသွားခဲ့တာလား
ဘယ်သူတည်ဆောက်ခဲ့တဲ့ ဇာတ်အိမ်မှာ ဘယ်သူက ဘယ်လို . .

ဘ၀နဲ့ မျှားခဲ့ကြရတာ နှစ်ဖက်သွားမျှားချိတ်မှာ ကိုယ်စီကိုယ်ငှ
စိုက်နစ်လွင့်မြူးလို့  . . . မီးကို စံပယ်ဖူးလို တယုတယခူးခဲ့ကြ
( တောက် ၊ အရေးအသားကလည်း ချာပါ့ကွာ )

ကိုယ့်ချွေးစက်တွေ သူ့ နားသယ်ထက်မှာခိုသီးနေတာ ကိုယ်ငေးကြည့်ခဲ့ရတယ်
ခံယူချက်ခြင်း ပွန်းတိုက်ခိုက်မိရုံနဲ့  အဓိပ္ပာယ်တွေ ဆင့်ကဲ
ပြောင်းလဲသွားတဲ့အခါ ပင်မစာမျက်နှာဟာလည်း အလင်းလှိုင်းတွေ ဖျော့ လျော့

သက်တံတွေ မရှိတော့ဘူး သက်တံတွေ မရှိတော့ဘူး သက်တံတွေ
မရှိတော့ဘူလား သက်တံတွေခမျာ တန်းဆင်းဇုန်ထဲမှာ မြုပ်နစ်သွားကြ
အပြုံးပါးလျတစ်ပွင့်ရဲ့  အိတ်စပိုင်ယာရီဒိတ်ဟာ . . .

တရွေ့ ရွေ့ နဲ့  အငွေ့ ပျံသွားတာလား တစ်နေ့ နေ့ တွေ
ကိုယ်တို့ တွေ နိမိတ်ဖတ်မှားခဲ့ကြတာလား ကိုယ်တို့ ဟာ မိတ်ဖက်
သံစဉ် မဖြစ်နိုင်တော့ဘူးလား ခုလက်ရှိ ကိုယ်တို့ ရဲ့ ဖြတ်သန်းမှု

စနစ်နဲ့ အဲဒီ့တုန်းက ကိုယ်တို့ ရဲ့ စိတ်ဟာ ဘယ်နှလမ်း . . . လွမ်းစရာ
ဟာ . . . လွမ်းစရာပဲလို့ ကိုယ်တို့ တွေ ယုံကြည်ခဲ့ကြသလား
ယုံကြည်နေတုန်းပဲလား ( ဒါမှမဟုတ် ဘာကို ယုံကြည် ? )

ယုံကြည်မှုဆိုတာဘာမှန်း မသေချာသေးခင် ကိုယ်တို့ ရူးခဲ့ကြ
ကိုယ်တို့ မြူးခဲ့ကြ ကိုယ်တို့ စူးခဲ့ကြသလား
သွေးကြောမျှင်စိမ်းနုနုထဲမှာ အလျားလိုက်နစ်မျောလာတဲ့ ( ဘာတဲ့ )

မလုံမခြုံ အယိုအပေါက်တွေနဲ့  အဓိကဇာတ်ဆောင်နှစ်ယောက် ( ကိုယ်တို့ ဟာ )
တချိန်တခါတွေ ၊ အသံတိတ်ဖွင့်ဟမှုတွေ ၊ ပြီး . . မြို့ ကြီးပြကြီးထဲက ပစ္စုပ္ပန်စစ်
စစ်ကြီးတွေထဲမှာ . . . . . . . . . . . . . ၊

" ရှင် ကျွန်မကိုချစ်ရင် ကျွန်မကို ရှင်ချစ်တဲ့အချစ်နဲ့ အချစ်ကို စွဲစွဲမြဲမြဲချစ်ပါ "
                                                                   - ( ဇေယျာလင်း )
ဖြူလျော့လျော့နှုတ်ခမ်းလွှာပေါ်မှာပင် . . . နာနာကျင်ကျင် . . . . ။ ။

နွံ

ဖယောင်းတိုင်မီးငယ်
ဖယောင်းရည်စက်လက်များ
လောင်ဝါးနေတဲ့ အာရုံရုတ်ခတ်မှုတွေ ။ ။

ဒီခေါင်းစဉ်က ဘယ်ထဲကထွက်လာတာလဲ

သုညက စ တာပါ လို့  ပြောမလား အဲဒါဆို ရင်ဘတ်ထဲဝင်
သောင်းကျန်းနေတဲ့ အဲဒီ့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဟာ ဘယ်အဆင့်
ထိရောက်နေပြီလဲ လက်ချင်းချိတ်မိရာက စ တာလား မူးလို့ 
မူးမှန်းမသိအောင် ရူးသွပ်နေတာ ( အလကား ၊ ဒါမျိုး ခဏခဏ ကြား
နေကျ ) ဘာမှ နေသားမကျဘူး ဟုတ်တယ်
မဟုတ်ဘူး မဟုတ်ဘူးနဲ့  ဟုတ်နေရတာ ကိုယ့်အကြောင်းကိုယ်သိ
' ချစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တစ်ထောင့်ငါးရာအရ ချစ်မှုထင်ရှားသဖြင့် . . . . '
ပြီး . . . . သွားတာပဲ ၊ ( ကိုယ် / စိတ် ) ဆင်းရဲမခံနိုင်တဲ့အဆုံးမှာ
' ပန်ဖို့ မှ မခူးရသေးဘူး နွမ်းသွားမလား စိုးနင့်ရတယ် '
. . . . . . . . . . . . . . . . . . . . - ( ဘယ်ကောင်မှန်းမသိ )
သူ့ ပါးတစ်ဖက်အပေါ် မွှေးမွှေးပေးခဲ့တာကိုရော ဘယ်လိုတာဝန်ယူမှာလဲ
အဲဒီ့မျက်လုံးကြီးနဲ့  လာလာမကြည့်နဲ့  အများကြီး မြတ်ပါတယ်ဆိုရင်
ဘာအဓိပ္ပါယ်နဲ့ မှ မြတ် ချင်တာဟာ / ဒါဟာ အချစ်လား
ရေခဲတုံးလို အိတ်ထူထူတစ်ခုထဲထည့်ပြီးပဲ ထုရိုက်ပစ်လိုက်ရမလား
ရီဆိုက်ကယ်လုပ်လို့ ရလား ဘာမှ နေသားမကျဘူး ဟုတ်တယ် ' မဟုတ်ဘူး . . . .
. . . . . ထင်သလို မဟုတ်ပါဘူး . . . . . ရယ် ' ကသူ့ အသံစစ်စစ်ပဲဆိုတာ
ဘာနဲ့ သက်သေပြမလဲ အာရုံကို စုစည်းလို့ မရတော့ဘူး တွေ့ လား
အဲဒီ့နေရာရောက်တိုင်း ဘ၀က ထစ် ထစ်သွားတာ အစင်းရာတွေပေါ့
' စုပ်ယူမှုတ်ထုတ်တာတဲ့ ။ ဘာကိုလဲတဲ့ ။ လေပူတွေကိုတဲ့ ။ မအေးသေးဘူးလားတဲ့ ။ '
. . . . . . . . . . . . . . . . . . . . - ( လူဆန်း )
' ဘယ်ကလာ ကောင်မလေးရယ် . . . လူကသာရယ်နေခဲ့တာ ။ စိတ်က . . . . '
စကားတွေက သေပြီး ရေစီးထဲ မျောသွားတယ် ခက်တာက မျောသွား
တဲ့ စကားတွေထဲမှာ ဘယ်လိုစကားတွေပါသွားသလဲ ပြန်ဖမ်းရ ပြန်စစ်ရ
ပါးစပ်ထဲပြန်ထည့်ပြီး နောက်တစ်ခါ ပြန်ပြောဖို့  အဆင်သင့်လုပ်ထားရ ဘာ
မှ နေသားမကျဘူး ဟုတ်တယ် ဘာမှကို နေသားမကျနိုင်ဘူး တွေ့ လား

ရော့  ၊ မင်းပြန်သွားကတည်းက ဖြစ်ပျက်နေတဲ့ ည ကို ကြည့် ။

မီး

ညက မှောင်နဲ့ မည်းမည်းရယ် . . .


ဘာမှ မမြင်ရတဲ့ကြားက
တစ်ခုခုများ မြင်ရလေမလား လို့ 
အသည်းအသန် ရှာဖွေနေတဲ့
အဲဒီ့ စိတ်ကို
ပြန်မြင်ရတယ်


အာရုံတွေရှိရာ ထွက်သွားတယ်


အာရုံတွေဆီက ပြန်ရောက်လာတယ်

အမှန်တော့
ဘာမှကို မမြင်ရဘူး

ညက မှောင်နဲ့ မည်းမည်းရယ် . . . ။ ။

အာရုံကြော ကင်ဆာ

ဆေးလေးတစ်ပြားနဲ့ စုတ်ဖြဲ ပစ်လိုက်တယ်တဲ့လား ကောင်းကင်ကြီး
တစ်ခုလုံး စွန်ချီခံလိုက်ရတာ ခေတ်ရဲ့ အခြေနေအရ အသိုင်းအ၀ိုင်း
ရဲ့ အခြေအနေအရ မင်းနဲ့ ငါ့ရဲ့  ( ငါတို့ ရဲ့  ယဲ့တဲ့တဲ့ ) အခြေအနေ
အရ မျက်လုံးစုံမှိတ်ပြီး အိပ်ပျော်နိုင်ဖို့ ကြိုးစားနေရတာ
ဒီခန္ဓာကြီး ( မှာ / ဟာ ) ရာသီဥတု မကောင်းတော့ဘူး
" ဘ၀ ဆိုတာ စစ်ပွဲကြီးတစ်ခုလိုပါပဲ " . . . . . ဆိုရင် . . . . .
ဘာတွေကို စစ်ထုတ်ယူနေတဲ့ စစ်ပွဲကြီးလဲ အသက်တွေ
ဘယ်လောက်များများ စတေးပေး ( နေ ) ရ ( ဦး ) မှာလဲ
လမ်းကြုံဝင်လာတဲ့ ဧည့်သည်လို့ သဘောထားနိုင်လား . . . . ဖြေ . . .
မပြေနိုင်တဲ့ မှားယွင်းခဲ့မှုတွေက အရက်စက်ဆုံး လူသတ်တရားခံလို
အား . . . ၊ လူသတ်တရားခံလို . . . . လူသတ်တရားခံလို . . . . . လူသတ်
တရားခံ . . . . . ၊ အဖြေမှန်တွေ လိုက်ရှာ
ခုမှ
အဖြေမှန်တွေ လက်လွတ်စပယ်လိုက်ရှာ အဖြေမှန်တွေ လက်လွတ်စပယ်
လက်လွတ်သွားတဲ့ ပန်းလေးစံပယ် လိုက်ရှာ ခုမှ
လက်လွတ်လိုက်မိတဲ့ ပန်းလေးစံပယ် . . . . . ၊

" အို့  . . . အေး . . . . အေး . . . . . "
ကလေးရယ် . . .
ကလေးရယ် . . .
ကလေးရယ် . . . ။ ။

ဟုတ်ကဲ့ . . . ၊

စိတ်နောက်ကို လိုက်ရင်း လိုက်ရင်း စိတ်တွေနောက်
လာတဲ့အခါ ကိုယ် စိတ် နှလုံး သုံးပါးစလုံး မချမ်းသာ
စိတ်ဟာ စိတ်ဝင်စားစရာပေါ့ ဒီလိုပဲ အသံထွက်
မြည်တွန်တောက်တီး ရ ( ဘာလဲဟ တောက်တီး ? )
စိတ်စေစားရာ လို့  ခင်ဗျားတို့  / ကျုပ်တို့  ပြောနေကြတာ သူက
ခင်ဗျားတို့  / ကျုပ်တို့  နောက်က ခိုင်းစေနေတဲ့ မန်နေဂျာကြီးလား
စိတ်သွားတိုင်း ကိုယ် ( ပါ / မပါ ) တဲ့ လား ဟော . . . .
လာပြန်ပြီ သူက ခင်ဗျားတို့  / ကျုပ်တို့  ရဲ့ ရှေ့ တန်းထွက် စစ်သည်တော်
( တစ်ခု / တစ်ကောင် / တစ်ယောက် ) ဖြစ်နေပြန်တာလား ( ဟာ . . . ရှုပ်နေတာပဲ )
စိတ် ကို စိတ်နဲ့ စားလိုက်ရင် ( ဥပမာ - စိတ် ÷ စိတ် ) ဆိုရင် အကြွင်းက
ဘယ်ကျွင်းထဲ ၀င်ဝင်သွားတာလဲ ဒီငနဲ ရဲ့ အသိဥာဏ်ဖွံ့ ဖြိုးမှုတွေ
စိတ်လေ စိတ်ရှုပ်
စိတ်ယုတ် စိတ်ညစ်
စိတ်သစ် စိတ်ကောင်း
စိတ်ထောင်း စိတ်နာ
စိတ်ပါ စိတ်မွဲ
စိတ်စွဲ စိတ်စော
စိတ်လောကမှာ သိပ်မောရတာ
ကြိတ်ဒေါသတွေ ထွက် . . . . လို့ 
" ဟုတ်ကဲ့ .... .... .... .... " ။ ။

ဟန်ဆောင်ခြင်း တဲ့ . . . လှတယ်

ဖြေတွေးလေးတွေးမနေဘဲ ဟန်ဆောင်မှုကို
ထုံးလိုချေ ရေလိုနှောက်နိုင်တာ ငါ ( တစ်ကောင် ) ပဲ ကမ္ဘာကျော်
အော်စကာဆုရ သရုပ်ဆောင်တွေရဲ့ အားက
ငါ အိပ်နေသလောက်သာ ရှိတယ် ဟန်ဆောင်ခြင်းနဲ့ ဟန်ဆောင်ခြင်း
ရဲ့ အသီးအပွင့်တွေ ( ဒီမှာ ) မူးယစ်ဆေးစွဲသလို စွဲနေတာ ငါဟာ
တကယ့်ကို မူးယစ်သားကောင် တစ်ယောက်ပဲ
့ဟန်ဆောင်ခြင်းဟာ ငါ့ကိုကိုယ်စားပြုတယ် ဟန်ဆောင်ခြင်းဆိုတာ
ငါ့အတွင်းစိတ် တစ်နေရာကလာတယ် ယိုကွက် ဟာကွက် မရှိ
တဲ့ ဟန်ဆောင်ခြင်း မနက်လင်းတာနဲ့ ငါ အလေ့အကျင့်ပြုတယ်
( ဟန်ဆောင် ၊ ကြိ - ပကတိအတိုင်းမဟုတ်သော အမူအရာ ၊ အသွင်အပြင်
ပေါ်အောင် လုပ်ကြံကြိုးစားသည် ။ အယောင်ဆောင်သည် ။ )
အဆောင်ယောင် မပါ
ပကာသန မပါ
အတိအကျ စစ်မှန်တဲ့ ဟန်ဆောင်ခြင်း
ငါ့ ( ကိုယ် ၊ အသွေးအသား ) ထဲမှာ စီးဆင်းတယ်
အနုပညာ ပျော်ဝင်ပစ္စည်းလား အဲဒီ့ အရွေ့ ဟာ အနုပညာ
မြောက် ( နေ ) သလား အနုပညာမြောက်မှန်း မခန့် မှန်းနိုင်လောက်အောင်
ဘယ်လောက်များ အနုပညာမြောက်နိုင်သလဲ ရိုးရိုးသားသားနဲ့ 
အနုပညာမြောက် လှတဲ့ ဟန်ဆောင်ခြင်း
ဒါကို
ခင်ဗျား ( ရော ) ငြင်းသလား ။ ။

စကားတွေခြောက်ကပ်အက်ကွဲ ဆောင်းရာသီနှုတ်ခမ်းများ

မင်းနဲ့ ငါ့ရဲ့  အသေးစားလွဲချော်မှုလား အဲဒီ့ မြေ ရေ လေ ထုထဲ
ရှပ်တိုက်လွင့်စင် လာတဲ့ မီးထုထည် အစိုင်အခဲလား ဒီဓာတ်ကြီး
လေးပါးထဲကကို ပြေးလို့ မလွတ် ( နိုင် ) တော့ဘူးလား ကြည့်စမ်း
တွယ်ငင်နေလိုက်ပုံက တစ်နွယ်ငင် တစ်စင်ပါ ဖန်ခွက်
တစ်ခွက်တောင် မ မယူနိုင်တော့ ( ဘူးဆို ) ပေမယ့် ငါ့ဇီဝဖြစ်စဉ် ထဲ
ရောဂါတစ်ခုရဲ့ ပျံ့ ပွာရေးစနစ် ( အလိုလျောက်စနစ် ) တွေ
စကတည်းကနစ် သွားခဲ့သလို လှုပ် ( စိ ) လှုပ် ( စိ ) ရွ ( စိ ) ရွ ( စိ ) တွေ
ဒါ
ဟာ . . . . . ကဗျာအရေးအသားလား ငါ့အရေးအသား
မဟုတ်ဘူးဆို ဘယ်သူ့ အရေးအသားလဲ လက်နဲ့ ဖမ်းပြီး ကဗျာထဲ ပစ်ပစ်ထည့်
နေတယ်များ ထင်နေကြသလား စကားလုံးတွေ
မျက်လုံးဖွင့်ပြီး တောက်လျှောက်ဖတ်ကြည့်ဖို့ 
မျက်လုံး မှိတ်လိုက်တာနဲ့  တစ်ခါတည်း မေ့ပစ်လိုက်ဖို့ 
ပြီး
အစကနေ အရင်အတိုင်း ပြန်ဖတ်ဖို့ 
စိတ် မှုဇုန်ရဲ့ အ၀န်းအ၀ိုင်း အကျယ်အပြန့် မှာ အပ်တစ်ဖျားစာ သာသာလောက်
ရှိတဲ့ မစို့ မပို့  ချောက်တိချောက်ချက် ဦး ( ဆုံး ) နှောက် ( ယှက်ခံရမှု ) နဲ့ 
ကဗျာ ( ဆရာ ) ဖြစ်ချင်နေတဲ့ ငါတကောကော ငါ
သနားစရာ သတ္တ၀ါ
သတ္တ၀ါတိုင်းက သနားစရာ သနားစရာဆိုတာ သတ္တ၀ါတွေအတွက်ပင် သီးသန့် ဖြစ်ကြောင်း . . . . .
. . . . . . . . . . . . . ။ ။

ငါ့အိပ်ရာထက်မှာ ညတစ်ကောင် အိပ်မောကျလျက်

အေးစက်စက် ဆူးည သံသရာတွေအလယ်
နွံနစ်
မြုပ်နေသော ဘ၀ရဲ့  စိမ်းလန်းခြင်း ရေရေရာရာ
တန်ပြန် / ဒဏ်ပြန် သက်ရောက်မှု ဟင်း . . .
ခွက်ထဲက ကမ်းကုန်ယမ်းကုန် ဆာလောင်မှုများ ငါ့ကို
ဝါး . . . . . စားကြ ၀ါးစားကြ

ပတ်ကြားအက်နေတဲ့ ဟုတ်ကဲ့ပါပေါင်း သောင်းခြောက်ထောင်ကျော်
( စာရင်းအတိအကျမရှိ ) ရဲ့  ကိုးဆယ့်ကိုး ဒဿမ ကိုးကိုး
ရာခိုင်နှုန်း စားသောက်ဆိုင်ကြီးတစ်ဆိုင်ရှေ့  မော်တော်လူ တစ်စီး
တ၀ုန်းဝုန်း ပျက်ကျ ( ဂျလုံး ဂျလုံး ငနဲ )
အာဏာပါးကွက်သား လက်ထဲကိုလည်း ပစ်မချရဲ
ငါ့လက်ထဲမှာလည်း သိမ်းမထားရဲ မကြည့်ရဲ ကြည့်ရဲ
ကံကြမ္မာဆီကလည်း အကျောပေးလာချင်စရာ အကြောက

ခပ်တင်းတင်းနဲ့  အေးကွာ . . . . .
အဲဒီ့လမ်းမကနေ ကိုယ့်ကိုကိုယ် ခေါက်သိမ်းပြီး
ရိတ်သိမ်းပြီး အပြီးအစီး ပြန်လာခဲ့တာ ဖြစ်ချင်တော့ စိတ်တွေ
အိနြေ္ဒမရ လစ်ဟာနေတဲ့ ဦးခေါင်းအခွံ / ရင်ဘတ်အခွံ
တစ်ခုရဲ့ အရေးပါမှု အခန်းကဏ္ဍဟာ
အခန်းကဏ္ဍ အတိုင်း ပေါ်လိုက် ပျောက်လိုက်
နီးလာလိုက် ဝေးသွားလိုက် အစိမ်းရောင်မျက်နှာသေကြီး

အဲဒီ့ တံခါးမကြီးကို ပိတ်ထားလိုက်တော့
အဲဒီ့ တံခါးမကြီးကို ပိတ် . . . . .
ထားလိုက်တော့
အခန်းထဲကနေ အသံကုန် ( ဟစ် )
အော်နေတဲ့ လူလို ပုံသဏ္ဍာန်ကြီးနဲ့  အေးစက်စက်
ဆူးည သံသရာတွေ . . . . . ။ ။

လက်ကျန် - ၂

ကျင့်သားမရနိုင်သေးတဲ့ မွန်းပိတ်ခြင်းတွေထဲမှာ
သားကောင်ဖြစ်နေရတဲ့ ငါ
ငါနဲ့  တစ်ခုခုများ အစဉ်တစိုက်ရောထွေးမှု
လက်ရန်းပေါ်ကနေ ပြုတ်ကျလွတ်ထွက်မသွားသေးတဲ့
ကျီးထိုးထိုး ခွေးစားစား ချစ်ခြင်းမေတ္တာတရားဟာ
ဒီညကို ငါ့အပေါ် ရွာဖြိုးသွန်းချလိုက်တယ်
စန္ဒရားလက်ခတ်သံ . . . . . ၊
ခနော်နီခနော်နဲ့ အသံသေတ္တာလေးထဲက တစ်စက်ချင်း
ထွင်းကျလာတာလား . . . ၊ ဒါမှမဟုတ်
ဟိုး အဝေးဆီမှ လွင့်ပျံလာတာလား
ဒီကနေပဲ ဟိုးအဝေးဆီကို ထွက်သွားတော့မှာလား
ဘာပဲဖြစ်ဖြစ်
ငါ့ကို အဲ့ ဒီ့ ထောင့်ချိုးလေးမှာပဲ
ထားရစ်ခဲ့ကြမှာ / ပါ
ပြက္ခဒိန် ရက်စွဲများ လျော့ ပါးသွားတဲ့အခါ
ငါနဲ့ 
တစ်ခုခုများလည်း . . . . . . . ။ ။

ညလည်စာ

ငါ ကဗျာတစ်ပုဒ်လောက်ရေးမိတဲ့အခါ
မင်းက ငါ့ကို နွေးထွေးစွာ
ကြိုဆိုပါ ။
ငါ့ရဲ့  အနုပညာခံစားမှုနှုန်းက
တစ်မိနစ်မှာ အလင်းနှစ်ဘယ်လောက်ပြေးသလဲ ဆိုတာ
ငါ မပြော . . . ၊
ဒါဟာ ငါ့ရဲ့  အသန့် ရှင်းဆုံး လင်းလက်မှုပါပဲ
မင်း ငါ့ကို ဝေဖန်ပါ
မင်း ငါ့ကို ချီးကျူးပါ
ငါ့ကဗျာရဲ့ လေးနက်မှုတိုင်းဟာ
မင်းနှလုံးသားမှာအမြဲ
အခြေတည်နေပါစေ . . . ။
မင်း ငါ့ကို ထူပိုးပါ
မင်း ငါ့ကို ပွေ့ ဖက်ပါ
လူသံသူသံ တိတ်ဆိတ်သွားတဲ့အခါ
မင်းရဲ့ စိတ်တွေဖွင့်ထားလိုက်ရုံပါ
ဒါဟာ
မင်းအတွက် အနူးညံ့ဆုံးသော
ညလည်စာ ပါပဲ . . .
မင်း
ငြိမ်းအေးစွာ တည်ခင်းပါ ။ ။

အမည်မဲ့ 

သိပြီးသားအကြောင်းအရာကိုပဲ
အထပ်ထပ်အခါခါ ဇာတ်တိုက်နေရ
ဇာတ်အိမ်က ထင်သလောက်ကြွမလာတော့ ဘူး ။
ကြိုးတစ်ချောင်းက
အရှုံး နဲ့  အနိုင်ကြား
ရင်ကွဲသံနဲ့  ပွဲလှန့် လို့  . . ၊
ရပါတယ်ဗျာ . . .
ရေငတ်တုန်းရေတွင်းထဲကျလည်း
ရေနစ်နေနိုင်တာပါပဲ ။
" ဒုက္ခ " လို့  ယုံစားမိသမျှ
စိတ်နဲ့ လူနဲ့  ကပ်နေရင် အဆင်ပြေတယ်
သုံးနာရီ ထိုးရင်တော့ 
မဖြစ်မနေ အိပ်ရာဝင်ရမယ် ။
အခုထိတော့ 
ဘယ်သူ့ ဆီကမှ
ဆောင်း . . လက် . . . ခတ် . . . . သံ
ရောက်မလာသေးဘူး . . . ။ ။

Indistinctness

ကျန်တာကတော့ ကြားခံကောင်တစ်ကောင်ရယ်
သူ့ ရဲ့ တစ်ကိုယ်စာ အတိုအထွာပစ္စည်းလေးတွေ
ရယ် . . . ၊
ချစ်ရေးချစ်ရာကိစ္စ နည်းနည်းပါးပါး
( မနည်းမများ ဟုလည်းယူဆနိုင်
ဖွယ်ရာရှိ ) ရယ် ၊
ညနေခင်း ဟင်းလင်းပြင်ကြီးထဲမှာ . . ။
ရွှေဝါရောင်လွင့်ပါးမှု များနဲ့  တရိပ်ရိပ်မော
တက်လာတဲ့ ကယောင်ချောက်ချား ဖြစ်မှု
(သို့ မဟုတ် ) ဖြစ်စဉ် ၊

ခရာမှုတ်သံမကြားမချင်း . . . . ဆိုလိုတာကတော့
သက်တမ်းမကုန်သေးသရွေ့ 
ပြုပြင်မရတဲ့ ( ရှိရင်းစွဲ ) ၀ါဒလှုံ့ ဆော်နိုင်စွမ်းအားပေါ်
မူတည်ပြီး ရှေ့ ဆက်ခရီးတွင်နိုင်ခြင်း ရှိ ၊ မရှိ
သိထားသင့် . . . ၊ မသင့် . . . . ။

" နေ့ စဉ်ဖြစ်ပျက်နေသော လူနေမှုဇယား "
ဆိုပြီး ရေးမိတာ ဒွိဟ
တွေပဲ ထွက်ကျလာခဲ့တယ် . ၊
ပြတင်းတံခါးများပိတ်သွားတဲ့ အထိ
စိတ်ထဲ ဝေ . . . ခွဲ . . . . မရ ။ ။

အတိတ်

" ဒါပေမယ့်
ခင်ဗျား ပြန်မရနိုင်တော့ပါဘူး "

စကားသံများက အိုးနင်းခွက်နင်း
ချဉ်းနင်းဝင်ရောက်လာတယ် ။
တနေ့ တခြား အရိုးပေါ်အရေတင်လာတဲ့ သတိ
မေ့လက်စ အကြောင်းအရာတွေ . . .
အစင်းရာတွေ . .
မင်ရာခြင်းထပ်လောက်အောင်
ကူးခတ်ပစ်ခဲ့တဲ့ တစ်ခုခုသော
စာမျက်နှာတွေ . . ၊ နောက်ပြီး
အမှားတစ်ရံစာ အမှန်တရား
ခင်ဗျား ပြန်မရတော့ဘူး ဆိုတာ
သေချာတဲ့အထိ ခင်ဗျား တစ်နေရာက
ကြည့်သင့်တယ် . . ။

" ဒါပေမယ့်
ခင်ဗျား ပြန်မရနိုင်တော့ပါဘူး "

လူကြားသူကြား လူမှားသူမှား ဖြစ်
ဖြစ်သွားတဲ့ မေတ္တာတရားနဲ့  ခင်ဗျား . .
ငွေ နဲ့ လဲလိုက်ရတဲ့ ယုံကြည်မှု အပိုင်းအစ ၊
အခု ဘယ်နှစ်နာရီရောက်နေပြီ ဆိုတာ
ခင်ဗျား သိထားနှင့်ကြောင်း ခင်ဗျား
ကြားနိုင်လောက်တဲ့ အကွာအဝေးက ခင်ဗျား
တိုးတိုးလေး ပြောဝံ့ပါ့မလား ဆိုတာ . . ၊
စသဖြင့်ပေါ့လေ . . . . ။

လုံလောက်တဲ့ ခံစားချက်တချို့ နဲ့ 
ကဗျာကို ဒီနေရာကနေ ဆက်
ရေးဖြစ်သွားတာ . . . ။ ။

မျက်လုံးများ

အခုတလော
ငါ့စိတ်တွေလေးနေခဲ့ပါတယ်
နေ၀င်ရီတရောအချိန်မှာ
ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်ကို
ငေးကြည့်ကျန်ခဲ့ရသလိုမျိုး
အေးစက်တင်းမာမှုတွေ အထပ်ထပ်
ငါ့ကို
ရစ်ပတ်သိုင်းခြုံ ခဲ့ကြပြီ ။
ငါခံစားရတာ ဘယ်သူမှမသိဘူး
ငါ့ဘေးနားမှာ တစ်ယောက်မှမရှိဘူး ။
တေလေ တစ်ယောက်အတွက်
ကြိုဆိုမှုတိုင်းဟာ အသက်မဲ့သွားတက်သလား . .
မျက်ရည်ဝေ့ခဲ့ရသမျှ
အိမ်ပြန်ချိန်မှာ ' တောက် ' တစ်ချက်
ခေါက်မိတယ် ၊
ရင်ခွင်တစ်ခုလုံး ပေါက်ထွက်မတတ်
တောင်တောင်အီအီ စိတ်နာမိတယ်
အထီးကျန်တယ်ဆိုတာ . .
လေနှင်ရာလိုက်ပါခဲ့ရတဲ့
သစ်ရွက်ခြောက်လေး တစ်ခုလိုပါပဲ
" နားခိုရာ ရှားပါးလွန်းတယ် "

ဒါကို ' ကဗျာ ' လို့ အားနာပါးနာ သတ်မှတ်တယ်

တစ်ခုခုကိုလွမ်းဖို့ ဆို
စိတ်ကအဆင်သင့်ဖြစ်နိုင်လွန်း . . .
အိမ်မက်အကြောင်း ထည့်ထည့်ရေးရတာ
လက်ညောင်းတယ် ။
အချစ်ကို လျက်ကြည့်ဖူးရဲ့ လား . .
( ပေါက်တတ်ကရ )
အချစ်က ပျားရည်လိုချိုတယ် ၊
အနာသိတော့ ( ဟော . .
ဟော . . ဆေးဘယ်နားမှာလဲ )
အဲ့ဒီ့လိုပြောတဲ့လူ
ဘူတာကထွက်မလို့  တာစူနေတယ်
စိတ်နဲ့ လှော်နေလိုက်တာ
ညနေမစောင်းခင်
( ဘယ်နေရာမှန်းမသိ )
ဆိုက်ရောက်တယ် ၊
ကဗျာ မှာလည်း သူ့ အထွာနဲ့ သူ
တချို့ က အခုအချိန်ထိ
" မူ "လို့ ကောင်းတုန်း . . . ။ ။

စိတ်နေစိတ်ထားဟာ
စိတ်အနေအထားပေါ် မူတည်နေသလား ။

လက်ရေးလက်သားတွေ
ပွန်းရှ ကုန်ပြီ ချစ်ချစ် ရယ် . . . ၊

ကိုယ့်အတ္တ ဆိုတာ
ဘာလဲ . . . ဘယ်လဲ . . . .

( ရှင်ကဂြိုလ်ဆိုး သက်သက်ပဲ )

ကိုယ် ယုံပြီးသားပါကွယ်

ဒီညမှာ . . . . ၊

မင့်နှုတ်ခမ်းပါးလေး နီထွေးထွေးကို
ကိုယ် . . .
နမ်းမိတယ် ။ ။

ပန်းမပွင့်ခဲ့တဲ့ ဧဒင်

( ၁ )

ငါ
ချစ်ခြင်း . . ၊
ဖယောင်းပန်းတို့ စစ်ခင်းတဲ့ ကျောက်စိုင်
အိမ်မက်တို့ ယိမ်းယိုင်ဖြိုခွင်း
အချိန်တွေဟာ ပေါ့ပျက်ပျက်စီးဆင်းသွားတယ် ။

အက်ဆစ်နဲ့ အပက်ခံခဲ့ရတဲ့
ကမ္ဘာဦးသစ်သီး တစ်လုံးကို
အထပ်ထပ် ကိုက်မျိုပြီးမှတော့
ငါ ၊ ဘာကိုကြောက်ရွံ့ နေရဦးမှာလဲ ။
ရပါတယ် ၊
လမ်းတ၀က်သာရှိတဲ့
' အန္ဓ ' တို့ ရဲ့ ခရီးစဉ်မှာ
ဖိနပ်မပါလည်း လမ်းလျှောက်မယ် ။

နောက် ၊ ထပ်ပြီး . . .
လူငယ်တစ်ယောက်ရဲ့ 
မိုးယိုနေတဲ့ ညစ်ညစ်စုတ်စုတ်နေ့ ရက်တွေ
ခါးအက်မှုန်ရီနေပါစေ
နင့်အတွက်ငါ မှတ်မှတ်ရရ ဆုတောင်းပေးနေမယ် ။

အထူးအဆန်းတော့ မဟုတ်ပါဘူး ၊
ပျောက်ဆုံးနေတဲ့ 
ငါ့ရဲ့ နံရိုးလေး တစ်ချောင်းအတွက်
ငါ့မှာ အစွမ်းကုန် ရူးမိုက်ခွင့်ရှိတာပဲ ။

ဒီလိုနဲ့  . . . .
လမ်းဘေးအုတ်ခုံပေါ်က
အမုန်းမဲ့ ဂီတသံတွေ လှိုက်ဖိုကြွေဝဲ
ဒဏ်ရာဟာ
ငါ့ကို ပညာရှင်ဆန်ဆန် ပြန်တွဲခဲ့ရတယ်

" ဟေး . . . . ( . . . . ) ရေ့  . . . . "

( ၂ )

ဟိုအရင် . . .
နွေနှောင်းရာသီရဲ့ 
တိမ်ခိုးတွေ ညို့ နေတဲ့ စက္ကန့် အချို့ 
ငါ့ရင်ခွင်ကို
မီးစနဲ့  မပြောမဆိုဆွဲတို့ သွားတယ် ။

ကောင်းကင်မှာ
နက္ခတ် တို့ ဖျော့တော့လျှိုးမှိန် . . .
တိုးသက်ငြိမ်ဆိတ် ၊
ငါနဲ့ အိမ်မက်
အထိတ်တလန့် ပြန်ဆုံခဲ့ကြရဲ့  ။

အဲ့ဒီ့လမ်းလေးရဲ့  မနက်ခင်းတိုင်းမှာ
နင်လှမ်းအလာကို မျှော်ငေးရင်း
ငါတစ်ယောက်တည်း
လူမသိသူမသိ ဆွတ်ပျံ့ နေရတာ
ဘာ့ကြောင့်ပါလဲ . . ။

အက်ကွဲကြောင်းများ . . . .
ကံတရားကပစ်ချသွားတဲ့  လုပ်ပိုင်ခွင့်ဟာ
အားနည်းလွန်းခဲ့ တာတော့
သေ . . . ချာ . . . . တယ် . . . . . ။

( ၃ )

ဒီညမှာ
လွမ်းမောမှုကို
စကြာဝဠာလို စွင့်ကားလိုက်တယ် . .
ဘာ့ကြောင့်ဘယ်လို ဆုံးရှုံးခဲ့ ၊
အလင်းကိုငတ်မွတ်နေရက်နဲ့ 
နေတစ်စင်းအနား မကပ်ဝံ့တဲ့ လူတစ်ယောက်
လ တစ်ခြမ်းမှာနောက်ကောက်ကျန်စေ ၊
လင်းပျိုရှင်းတောက်နေတဲ့ ပန်းရာဇ၀င်ကို
ငေးမောခွင့်ရရုံနဲ့ တင်
ငါ့အိမ်ပြန်ချိန်တွေ ၀င်းလက်ဖြိုးပ နေလိမ့်မယ်

' . . . . . ' ရယ် . . .
ဒီလို ည မျိုး
နင်ဘယ်နှခါ ပျော်ဝင်ဖူးသလဲ ။
နားနှစ်ဖက်ပိတ်ထားလျက်က
ကြားနေရတဲ့  စကားသံကို
( ဖြစ်နိုင်ရင် )
လေထဲမှာတင် ပြိုကွဲသွားစေချင်တယ် ။
အခုတော့ . . . . . . . ၊

အကြိမ်ကြိမ် ပဲ့တင်ထပ် . . . ၊
အကြိမ်ကြိမ် ပဲ့တင်ထပ် . . . ၊
အကြိမ်ကြိမ် ပဲ့တင်ထပ် . . . ၊
တကယ်ဆို . . . .
ငါ ၊ ဘာကိုများ ပြတ်တောက်နိုင်ခဲ့လို့ လဲ . . . . ကွယ် . . . ။

( ၄ )

အိမ်အပြင် . .
လ ရိပ်တို့ လဲမှောင်ကျတဲ့
ခပ်နက်နက် စကားဝိုင်း
သင်္ချိုင်းကိုသွားမယ့် ငါ့ရဲ့ လမ်းမမှာ
အယောင်ဆောင်ရနံ့ တွေ
သင်းရှဆွတ်မှုန် နေခဲ့တယ် ။

စုန်းပျိုမ တစ်ကောင်တောင်
တန်ခိုးနဲ့ နူးညံ့လိုက်လို့ မရတဲ့
( ငါ့ကိုကြည့်တဲ့ ) နင့်မျက်ဝန်း စိမ်းရင့်ရင့်မှာ
ငါ ဘာ့ကြောင့် နစ်မူးခဲ့သလဲ ။
ဒီ ည ဟာ
ငါ မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့ 
ငါကိုယ်တိုင် ပိသိပ်ကျပ်ညပ် ခဲ့ရတဲ့ ည ပါပဲ ။

သိတယ် . . .
တေလေတစ်ယောက်ရဲ့ တစ်လမ်းသွားမှာ
ယုံကြည်မှုတွေ ရှုပ်ယှက်ခတ်အောင် ကျကွဲနေတယ်
အချိန်တန်
အိမ်ပြန်လာရတဲ့ ခြေလှမ်းများ . . .
အလွမ်းများ . . .
နားခိုရာအခြားမရှိတဲ့ ပုံရိပ်များ . . . . .
အရက်သမားတစ်ယောက်လိုေ၀၀ါးယစ်မူး ၊
ငါ . . . .
လူငယ်ပီပီ
အဆုံးစွန်ဆုံး ရူးသွပ်ပစ်လိုက်တယ် ။

ချစ်သူအတွက်
တခုတ်တရ ဖူးပွင့်ခဲ့ကြတဲ့
ပန်းပွင့်တွေလောက်တောင်
ကဗျာ မဆန်နိုင်ခဲ့တဲ့ ဟောဒီ့ ကောင်
ပိန်းပိတ်မှေင်ခိုက် နေတဲ့ ည တွေမှာ
ဂစ်တာတစ်လက်နဲ့ 
အသည်းကွဲနေခဲ့ရတယ် ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ . . .
တစ်ယောက်ကိုတစ်ယောက် ထိခိုက်ခဲ့ပြီးမှတော့
အရင်လို သစ်လွင်မှုမျိုး
ဘယ်ရနိုင်ပါ့တော့မလဲ ။
နာမည်ကြီးလွန်းလှတဲ့ 
အလွမ်းဆိုတာ . . . . . . . ၊

( ၅ )

အဲဒီ့လိုနဲ့ ပါပဲ ၊

မီးတောက်မီးလျှံ တို့ နဲ့ အတိပြီးတဲ့ 
နတ်နဂါးတို့ ရဲ့ 
ချောက်ချားဖွယ်ရာ မျက်လုံးတွေဟာ
ပူလင်းလောင်မြိုက်စွာ
ငါ့ကို ဖောက်ခွဲခဲ့တော့တယ် ။

ခပ်ညံ့ညံ့ စာရွက်တွေပေါ်မှာ
နင့်အတွက်
' ဝေ ' နေ အောင်ရေးခဲ့တဲ့ ကဗျာ များ . . .
ခါးသက်သက် နမိတ်ပုံတွေ . .
မြေခွေး တို့ ရဲ့  ကောက်ကျစ်စဉ်းလဲ မှု
၂၀ ရာစုအလွန်ကမ္ဘာ့ရဲ့ သမိုင်းဟာ
တခမ်းတနား
ရိုင်းစိုင်းသွားကြလိမ့်မယ် ။

ငါကတော့
မနက်ဖြန်ခါရောင်နီဦးတိုင်း
သီချင်းလေးတွေ ဆိုညည်းရင်း
နင့် မျက်နှာတော်ကို
တောင့်တောင့်တတ သတိရနေဦးမှာပေါ့ 
ပြီးတော့ . . . .
လူငယ်တစ်ယောက်ရဲ့ 
သက်ဆိုးရှည်အလွမ်းတွေ ရင်မှာပိုက်
အငိုက်ဖမ်းတတ်တဲ့  လောကဓံအလယ်
ငွေဝယ်ကျွန်ဘ၀ကို တွန်းလှန်ရဦးမယ် ။

ချစ်သော ' . . . . . ' ရေ . . . .
ဒဏ္ဍာရီထဲက ဖီးနစ် ငှက်တွေလို
စက္ကန့် တိုင်း ရဲရင့်ဝင့်ကြွား စေ ၊
စက္ကန့် တိုင်း တောက်ပလင်းဝါ စေ ၊
အချိန်တိုင်း . . . .
အချိန်တိုင်း . . . . ၊
ကိုယ့်ကိုကိုယ် ပြန်လည်ဖန်ဆင်းပစ်နိုင် စေ
ငါ . . . .
ဝမ်းမြောက်ဝေရီစွာ
ဆုတောင်းပေးနေ . . . . မယ် . . . . . . . ။

( ၆ )

. . . . .
. . . . ..
. .. . . . ..
. . . . ...
.. . . . .. . ..

. . . . . . . . ..
. .. . .. .
. . . . . ..

" ကမ်းလက်တွေ လေထဲမှာကြွေသွားတုန်းက
ကျဆုံးခဲ့တဲ့ စိတ်ဓာတ်အို . . .
နေညိုညို ညနေခင်းမှာ ယိုင်လဲမိုက်မူး ၊
ငါ့ကို တူးခတ်လိုက်တဲ့ အနက်ရောင်လက်သည်းချွန်တွေမှာ
နောက်ဆုံး . . . .
ကဗျာ သာ စူးလက်နေခဲ့တော့တယ် . . . . . . . . . . . . . "

. . . . .
. . . . . .
. .. .
. . . .. . . .

လမ်းခွဲ

ရေးလိုက် နားလိုက် နဲ့  ရေလိုက်ငါးလိုက် နေ့ ရက်တွေကို
ဖြတ်ကျော်နေရဆဲ . . .
အလင်းမီးတွေ မှိတ်လိုက်တော့
လမင်းကြီးက ခပ်တည်တည်ပဲ
အူ . . . . . တယ် ၊
စိတ်ပျက်တယ် . . . ။

ဘယ်သူမှန်းမသိပဲ
တံခါးခေါက်သံ ကြားရင် ကိုယ်က
ထ ထ ဖွင့်ပေးမိတယ်

သွားပါကွယ် . . . ။
ရထားပေါ်က ငါးဆယ်ဖိုးနှစ်ခွက် သံပုရာရည်လို
ပေါ့ပျက်ပျက် ဆက်ဆံရေးတွေ
ငါ့အတွက် များနေပြီ ။

မို အပြုံး ။ မို မျက်နှာဖုံး ။ မို နှလုံးသား ညစ်ညူးညူးတွေ . .
ငါ့ အခန်းထဲမှာ မီးခိုးမှိုင်းလို
ရိုင်းလွင့်ပျံ့ စီး . .
" စိတ်ရှိတိုင်းသာ သည်းလိုက်ပါရစေတော့ " လို့ 
ငါ . . ညည်းမိတယ် . . ။

သွားပါကွယ် . . .
မင်းကို ငါနားလည်တယ်
ဒါက . . . .
မင်းနဲ့  ငါရဲ့ ကြားက . . . . . ၊

' ရပ်တည်မှု ခြားနားနေခြင်း ' ပြဿနာ . . . . . . . ။ ။


Mould = ပုံစံခွက်

လော်ရာ ( Laura )

လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့
မိန်းကလေးတစ်ယောက် ဖြစ်တယ် ၊
လော်ရာ ဟာ မင်းသမီးတစ်ပါး မဟုတ်ဘူး . . .
လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့ သာမန်လူ
မိန်းကလေးတစ်ယောက်ပဲ ဖြစ်တယ် ၊
သူမ ဆံနွယ်တွေကို သပ်တင်လိုက်တဲ့အခါ
လူယောက်ျားတို့  ကဗျာပေါင်းများစွာ
ဖွဲ့ ဆိုကြတယ် ။
လော်ရာ ဟာ မင်းသမီးတစ်ပါးမဟုတ်ခဲ့ . . .
သူတို့ ရဲ့ အတွေးတွေထဲမှာ လော်ရာ ဟာ
ကချေသည် တီးလုံးနဲ့ နန်းသိမ်းလိုက်တဲ့
ဘုရင်မ တစ်ပါးပဲ ဖြစ်တယ် ၊
လော်ရာ နဲ့ ပတ်သက်လို့  သူတို့ မှာ
အိမ်မက် ကိုယ်စီရှိကြတယ် ။
ပြီးတော့ . . .
ခင်ဗျား သိရဲ့ လား . . . ၊
လော်ရာ ဟာ လူယောက်ျားလေး တစ်ယောက်ကို
ခူး . . တဲ့
ညပန်းလေးလည်း ဖြစ်တယ် ။
ဘယ်လိုပြောရမလဲ . . .
လော်ရာ ဟာ ညပန်းလေးကို ခူးတဲ့ သာမန်
လူ . . .
မိန်းကလေး . . . .
တစ်ယောက်ပဲ ဖြစ်တယ် ။ ။

ဟင်းလင်းပြင်

ဒီလိုမနက်ခင်းတိုင်း . . .

မင်းမရှိတော့တဲ့ မြို့ သစ်လေးဟာ
လူငယ်တစ်ယောက်ရဲ့ ရင်ခွင်အမောတွေနဲ့ အတူ
အဆုံးစွန်ဆုံး အသက်မဲ့သွားခဲ့တယ် ၊
မကျော်ဖြတ်နိုင်တော့တဲ့
တံခါးတစ်ချပ်လည်း ရှိတယ် ။
မျက်ဝန်းညိုလေးရယ် . . .
ကိုယ်ဟာ ရာသီဥတုတစ်မျိုးတည်းနဲ့ 
အသက်ရှင်နေရသူပေါ့ ၊
နှလုံးသားထဲမှာ " နွေ " တွေ
ပန်းလိုဝေခဲ့တယ် ။
" လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရမယ် " တဲ့
ကိုယ့်အတွက်
ရင်နာစရာဆိုတာမရှိပါဘူး
ကိုယ် . . .

သိပ်လွမ်းတယ် . . . . . . . ။ ။

အရပ်ဇာတ်

( ၁ )

" ရှင့်ကို မုန်းတယ် "
ကောင်မလေးက ပြောတယ်

( ၂ )

" ဟင့် "
ကားတိုးစီးတော့
ခါးပိုက်နှိုက် ခံရတယ်

( ၃ )

" အောင်မလေး. . "
စိတ်ညစ်ညစ်နဲ့  ပြန်အလာ
ခွေးက လိုက်ဆွဲတယ်

( ၄ )

" ဘယ်အချိန်ရှိပြီလဲ "
အိမ်ပြန်တော့
အဖေက သိရဲ့ သားနဲ့ မေးတယ်

( ၅ )

" . . . . . . . "
အသည်းကွဲကဗျာ လေးရေးမယ်ကြံတုန်း
မီးက ပျက်တယ်

( ၆ )

" တော်ပြီ "
ဆက်ရေးရင်လည်း
ဇာတ်က နာလှရော့မယ်

( ၇ )

" ဒီမယ် . . "
ခင်ဗျား ဒီအကြောင်းတွေ
စိတ်ဝင်စားနေသေးလား . . . ။ ။

ပုံတူပန်းချီကား

တစ်နေ့  တစ်နေ့ 
တစ်နေ့  ပြီး တစ်နေ့ 
တစ်နေ့  ပြီး နောက်တစ်နေ့ 
တစ်နေ့ ပြီးသွားလည်း နောက်တစ်နေ့ 
ဒီမှာ
ဒီနေရာမှာ
ဒီနေရာမှာ ငါ ၊
တိတိကျကျပြောရရင် ရွာလည်နေတာ
ဟင့်အင်း . . . . ၊
လူလည်ကျတာ မဟုတ်ဘူး
လူကိုယ်တိုင်ကို လည်နေတာ
မျက်စိ လည်နေတာ
" ဒီကောင်က . .
နားလည်ရတော့ အခက်သား . . . "
လေသံ မိုးသံကြားရင် လေလည်ချင်တာ
ဇာတ်ရည်လည်ရဲ့ လား
ကမ္ဘာကြီးက လည်နေတာ
ငါက နေချင်တာမဟုတ်ဘူး
လူက တောရောက်တောင်ရောက် ဖြစ်နေတာ
တစ်နေ့  တစ်နေ့  ဖြစ်ချင်တဲ့ဆန္ဒပေါင်း
ရာချီနေတာ . . . ၊
တော် . . . ၊ တော် . . .
ကဲ . . . ၊ ကဲ . . .
တော်တော်ကဲကဲ သံသရာလည်နေတာ
ဘာလဲကွာ . . .
ငါ က နေချင်တာမဟုတ်ဘူး
မလွှဲသာလို့  အသုံးတော်ခံနေရတာ ၊
ဒီမှာ
ဒီနေရာမှာ
ဒီနေရာမှာ . . . . ငါ ။ ။

အမှောင်

ညကြီးမင်းကြီး
သည်းကြီးမည်းကြီးညိုနေလိုက်ပုံများ
သက်ပြင်းတွေနဲ့  ကယောက်ကယက်. . . ၊

အတွေးတိုင်းက
တစ်နဲ့ စပြီး သုည မှာဆုံးတယ်
အိပ်မရ . . .

ကိုယ်ခန္တာထဲက " အ၀ါ " ရောင်တွေက
ဲ ဟိုတစ်စ. . .
ဒီတစ်စ. . .
( ဟူး . . . . . . . . )

ပင်ပင်ပန်းပန်းနဲ့ ပဲ

ည စိတ် ။ ။

သူစိမ်း

ချစ်ရသောသူ၏ လှောင်ပြောင်ခြင်းကို
ခံခဲ့ ရဖူးပါသလား. .။
ကျွန်တော် ရိုးသားစွာအသုံးမကျချင်ယောင်ဆောင်ခဲ့ 
တကယ်တော့ ........
တစ်စတစ်စနဲ့ ဆင့်ပွားလာတဲ့သံယောဇဉ်တွေ
သူမ အပေါ်မချည်နှောင်လိုသမျှ
( ကိုယ့်နှလုံးသားကို ပြန်လည်ရစ်ပတ် )
အခု. . . ကျွန်တော့မှာမွန်းကျပ်နေရတာ. . . . .။

ချန်နေရစ်ခဲ့ပါမယ်. .၊
သွားကြစေ. . .
ပျော်ကြစေ. .
နောက်ပြီး. . . .
လွမ်းဖူးကြစေ. . . . . .

မနက်ခင်းရဲ့ အရုဏ်လေးရေ. . .၊
မနူးမညံ့ပါပဲ
ကျွန်တော်တိတ်ဆိတ်ခဲ့
သူမ တစ်ယောက်နွေးထွေးလို့  နေပါစေ
. . . . . ဝေး. . .ခဲ့ . . . . .။

...............................................................................................

တစ်ယောက်တည်း လူးလူးလိမ့်လိမ့် ဖြတ်သန်းနေရသဖြင့် ည ကို အရောင်ဆိုးရန် အချိန်မရလိုက်ပါ ။ စားပွဲ၏ ယာဘက်ရှိ သုံးထပ်မြောက်သော အံဆွဲထဲတွင် အ၀ါရောင်များ ပြည့်သိပ်ကျပ်ညပ်စွာ တည်ရှိနေကြ၏ ။ ကံ့ကော်ဝတ်ဆံများ၏ အ၀ါရောင်လား ၊ ငုဝါပွင့်ဖတ်တို့ ၏ " ၀ါ " ခြင်းမျိုးလား ၊ မသဲကွဲ ။ ထိုပန်း ၀ါဝါ ကို ပန်ဆင်ထားသော မိန်းမပျိုသည်လည်း မသဲကွဲ ။ ၀ါ ခြင်း ( သို့ မဟုတ် ) ၊ အ၀ါ ဖြစ်ခြင်း ( သို့ မဟုတ် ) ၊ အ၀ါ အဖြစ်တည်ရှိခြင်း တစ်မျိုးတည်းသာ သဲကွဲ၍ ဘာမှမသဲကွဲပါ ။ အချိန်သည် လည်းကောင်း ၊ ကဗျာသည် လည်းကောင်း ၊ အကြင်နာသည် လည်းကောင်း ၊ ရေရေရာရာမျှော်လင့်ချက်များစွာတို့ သည် လည်းကောင်း စောစီးစွာ အိပ်တန်းဝင်ခဲ့ကြ၍ ကျွန်တော်သည် လည်းကောင်း ၊ သူမသည် လည်းကောင်း ၊ ကျွန်တော်နှင့် သူမ ပတ်သက်ဆက်နွယ်ရာ ကမ္ဘာတစ်ခုချင်းစီသည် လည်းကောင်း အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန် မတတ်စွမ်းနိုင်ကြတော့ပါ ။ မျက်လွှာကလေးချပြီး သူမ နှုတ်ဆက်စကားဆိုသောအခါ ကျွန်တော်ရယ်နေပါသည် ။ ကျွန်တော်ရယ်နေမိသည် ဟု ထင်ပါသည် ။ ကျွန်တော်မရယ်ပါ ။ ကျွန်တော်ရယ်နိုင်လိမ့်မည်မဟုတ် ဟု ယူဆလိုသူများ ယူဆကြပါစေ ။ ကျွန်တော် ရယ်နေပါသည် ။ စနစ်တကျ ထုပ်ပိုးထားသော လက်ဆောင်ဘူးလေးထဲတွင် ကျွန်တော် ရယ်နေပါသည် ။ နေရောင်ခြည်များ အနောက်ဘက်မှ ယိုစိမ့်ဖြားစီး လာသောအခါ ကျွန်တော်တို့ နှစ်ယောက်၏ စောင်ပါးနေသော အရိပ်တွေကို ကြည့်ရင်း သူမ ခမျာမှလည်း ရယ်နေရှာပါသည် ။ မျက်ရည်များအား ကျွန်တော်တို့  တားဆီးမရခဲ့ကြပါ ။

ပိတောက် သစ္စာ

ရေချမ်းရယ်နဲ့ စွေကလူ
နွေအပူ ခြေကူလှမ်းချင်ပ
နန်းလှ ကြင်သူ ။
နှုတ်ခမ်းရယ်စူ
မျက်နှာတော်မူပါနဲ့ လား ၊
အတာနွေ သင်္ကြန်ရက်မှာ
တစ်ခါပွေ ကြံခဲ့ ရင်ဖြင့်
နှမရယ် . . . . . ၊

လွမ်းရစေသား . . . . . . . . ။ ။

လူငယ်နှင့် အိမ်မက်

အဆိပ်ငွေ့ အမြောက်အများရှူရှိုက်မိခဲ့သူမှာ ကျွန်တော်ဖြစ်သည် ။
စကားအတော်အတန်ပြောလေ့ရှိသူမှာ သူမဖြစ်သည် ။
လူ့ ဘုံလူ့ အသိုင်းအ၀ိုင်း၏စံချိန်စံနှုန်းနှင့် အမြောက်အများကွဲလွဲနေသူမှာ ကျွန်တော်ဖြစ်ပြီး ၊
သူမကတော့ အတော်အတန်ပြည့်စုံလေသည် ။
အချိန်တွေဟာ ရေလိုစီးဆင်းသွားခဲ့သည် ။
ပြန်မလာတော့တဲ့ ကံ့ကော်ပျိုမလေး တစ်ယောက်အတွက် ဤစာကိုရေးခြင်းဖြစ်ကြောင်းဝန်ခံ
ပါ၏ ။
ဘ၀ သည်ပြိုသထက်ပြိုလာပြီ ။
သူမ သည်ပြောလက်စ စကားတို့ ကိုရပ်တန့် လျက် ကျွန်တော့်ကို မေ့နေပါလိမ့်မည် ။
သို့ သော်. . . ၊ ကျွန်တော်မမေ့ပါ ။
တဖြည်းဖြည်းဖြင့် မြို့ သစ်လေးဟာ မှောင်ဖျော့လာခဲ့သည် ။
ကျွန်တော် တွေဝေရပ်ငေး နေမိပါသည် ။
" မေမေ ဆူရင် ငါ့ဆီပြေးခဲ့ ၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ . . . " ဟု အော်ရင်း ကလေးများအော်ဟစ်
ဆော့ကစားနေကြပါသည် ။
အမေက ကျွန်တော့်ကို မဆူပါ ။
ထို့ ကြောင့် ၊ ကျွန်တော်လည်း ဘယ်မှမပြေးပါ ။
( သို့ မဟုတ် )
ဘယ်ကိုထွက်ပြေးရမယ်မှန်းလည်း မသိတော့ပါ ။
ကျွန်တော် ရပ်နေပါသည် ။
မြောက်ပြန်လေသည် နှင်းမှုန်တို့ ကို တိုးဝှေ့ ရင်း အလွန်ပင်ငြိမ့်ခါးစီးပြိုလှသော ကန္တာရတေးသွား
တစ်ပိုဒ်ကို သယ်ဆောင်လာခဲ့၏ ။
သို့ သော် ၊ ထိုတေးသွားကို မကြားအပ် ။
ကျွန်တော် ဆွံ့ အသွားပါသည် ။
လေထဲတွင် တရွေ့ ရွေ့ ဖြင့် တဝေ့ဝေ့၀ဲလွင့်သွားသော စွန်ငယ်ကို ဘာရယ်မဟုတ်ဘဲ စာနာနေမိလျက်က
ကျွန်တော်ကိုယ်တိုင် ထိုစွန်ငယ်ဖြစ်နေကြောင်း ချောက်ချားဖွယ်ရာတွေ့ မြင်ခဲ့ရ၏ ။
ကြိုးများမခိုင်မြဲခဲ့ကြပါ ။
သူငယ်ချင်းက " လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပေါ့ကွာ . . . " ဟုပြောပါသည် ။
ကျွန်တော့်မှာ လွမ်းစရာရှိသော်လည်း နာစရာမရှိပါ ။
ကျွန်တော် မည်သို့ဖြေရမည်နည်း ။
သူမကတော့နှုတ်ဆက်တယ်ဟုမပြောသော်လည်းပြောသွားခဲ့၏ ။
ကျွန်တော် သူမအကြောင်းသိချင်သော်လည်း မည်သူကိုမျှမမေးမိပါ ။
မည်သူကမျှလည်း မပြောပြကြပါ။
တအိအိ ညွှတ်ကျလျက်ရှိသောဆောင်းအိုပင်လို ကျွန်တော့်စိတ်တွေတမြေ့မြေ့ညှိုးချုံးညွတ်ကျနေသည် ။
ကျွန်တော့်အား ပူလောင်အက်ရှလှသော အရည်တစ်မျိုးကို မိတ်ဆွေတစ်ယောက်က တိုက်၏ ။
ကျွန်တော် မူးသွားပါသည် ။
သို့ သော် ၊ ကျွန်တော် မသောက်ခဲ့ ။
အချိန်တွေဟာ ရေလိုစီးဆင်းသွားခဲ့သည် ။
တစ်ခုခု လိုနေသည် ။
( သို့ မဟုတ် )
ကျွန်တော် ဘာမှမပြည့်စုံခဲ့တာလည်း ဖြစ်နိုင်သည် ။
ဥယျာဉ်တော်ပြင်ပမှ သစ်ရွက်တစ်ရွက် ၊
နှုတ်ခမ်းလေးမဲ့ရုံ ပြုံးတတ်သော သူမ ၊
ခေါင်မိုးအိုကြီး၏ အော်ညည်းသံ ၊
လေပြင်းကြောင့် ယိမ်းထိုးလွန့် လူးသွားသော မြက်ရိုင်းပင်များ ၊ စသည်တို့ သည် အိမ်မက်များ ဖြစ်မလာခဲ့
ကြပါ ။
ကျွန်တော် ကျောင်းဆက်မတက်ဖြစ်တော့ပါ ။
အမေက ကျွန်တော့်ကို အတန်ကြာငေးစိုက်ကြည့်နေခဲ့ပါသည် ။
ကျွန်တော့်မှာ ပြောစရာစကားမရှိတော့ပါ ။
အမေ့မှာ ပြောစရာစကားရှိပါလိမ့်မည် ။
သို့ သော် ၊ အမေဘာမျှ မပြောခဲ့ ။
ကျွန်တော် ဆွံ့ အသွားပါသည် ။
ကျွန်တော် ဆိုမိသောသီချင်းများတွင် ကြည်နူးဆွတ်ပျံ့ ဖွယ်ကောင်းသော သံစဉ်တို့ မရှိကြတော့ပါ ။
သူငယ်ချင်းက သက်ပြင်းချသည် ။
ကျွန်တော် မည်သို့ဖြေရမည်နည်း ။
ဘယ်ဝယ်ဘယ်ဆီမှ မီးရထားဥသြဆွဲသံကို ကြားလိုက်ရ၏ ။
" ကံကြမ္မာက မျက်နှာသာ မပေးဘူး " ဟု ကျွန်တော်ပြောမထွက်ခဲ့ပါ ။
သို့ သော် ၊ သူငယ်ချင်းက နားလည်ပါလိမ့်မည် ။
သူမကရော နားလည်ပေးခဲ့ပါသလား ။
လ ရောင်အောက်၌ ပြာလဲ့မှိုင်းဝေနေသော ပတ်ဝန်းကျင်တွင် ကျွန်တော်နှင့် သူငယ်ချင်း နှစ်ဦးတည်းသာ
ကျန်ရစ်တော့သည် ။
ကျွန်တော်တို့ ချမ်းအေးမနေကြပါ ။
( သို့ မဟုတ် )
အေးချမ်းမနေကြပါ ။
ခြောက်ကပ်ကပ်နိုင်လွန်းလှသော သန်းခေါင်ယံသံချောင်းခေါက်သံသည် သူ့ ကိုသူ အဆုံးစွန်ဆုံးဖြန့် ကား
လိုက်ရင်း ပြန်လည်ငြိမ်သက်သွားခဲ့သည် ။
" ပြန်ကြရအောင် . . " ဟု ပြောရင်း ကျွန်တော်တို့ လမ်းခွဲခဲ့ကြပါသည် ။
ကျွန်တော် အိမ်မပြန်ချင်သေးပါ ။
ထို့ ကြောင့် ၊ သူမ နေခဲ့ဖူးသော အိမ်လေးရှေ့ သို့ ရောက်သွားခဲ့ပါသည် ။
ကျွန်တော် အိမ်ပြန်လာခဲ့ပါသည် ။
လေးဖြူ၏ " နောက်ဆုံးရထား " သီချင်းကို ဆိုညည်းရင်းမှ မီးရထားဥသြဆွဲသံကို ပီပီပြင်ပြင်ကြားလာရ၏ ။
သိမ်မွေ့ နစ်မောဖွယ်ရာ ဆောင်းညခင်းသည် မြူခိုးမှိုင်းဖျများကြားမှ ကျွန်တော့်ကိုတွန်းထုတ်လိုက်သည် ။
ကျွန်တော် မေ့လဲသွားပါသည် ။
ကျွန်တော် ပိုမိုမောဟိုက်လာပါသည် ။
ပြေးရင်းလွှားရင်းဖြင့်ပင် ကျွန်တော် အိမ်ပြန်ရောက်လာခဲ့၏ ။
" အမေ . . . . . ၊ တံခါးဖွင့်ပါဦး . . . . . . . " ဟု အော်ခေါ်လိုက်သော ကျွန်တော့်အသံသည် တုန်ခါနာကျင်
နေလိမ့်မည် ထင်သည် ။
ကျွန်တော် အိပ်ရာဝင်ခဲ့ပါသည် ။
သို့ သော် ၊ ကျွန်တော် အိပ်မပျော်ချင်ပါ ။
အိမ်မက်က လှမည် ဟု မည်သူပြောနိုင်ပါသလဲ ။
( မီးရထားဥသြဆွဲသံကို ကြားနေရသေး၏ ။ )
အချိန်တွေဟာ ရေလိုပင် စီးဆင်းသွားလိမ့်မည် ။
ပြန်မလာတော့တဲ့ ကံ့ကော်ပျိုမလေး တစ်ယောက်အတွက် ဤစာကိုရေးဖြစ်ခြင်းဖြစ်ကြောင်း ၀န်ခံပါ၏ ။
တစ်စုံတစ်ယောက်၏ သက်ပြင်းချသံကို ကြားလိုက်ရသည် ။
ကျွန်တော့်မှာ ပြောစရာစကားမရှိတော့ပါ ။
အမေ့မှာ ပြောစရာစကားရှိပါလိမ့်မည် ။
သို့ သော် ၊ အမေဘာမျှ မပြောခဲ့ ။
ကျွန်တော် မေ့လဲသွားပါသည် ။
( မီးရထားဥသြဆွဲသံကိုမူ အနည်းငယ်သာ ကြားရတော့၏ ။ )
တဖြည်းဖြည်းဖြင့်ပင် ကျွန်တော် အိပ်ပျော်သွားပါလိမ့်မည် ။
အိမ်မက်များအပေါ် တဒုတ်ဒုတ်ခုတ်မောင်းသွားမည့်ထိုရထားသည် ကျွန်တော့်ထံ နောက်တစ်ကြိမ်ပြန်လာရန်
ကြာလိမ့်ဦးမည် ဟု ကျွန်တော် မ၀ံ့မရဲ ယူဆနေမိပါသည် ။
ကျွန်တော် မည်သို့ ဖြေရမည်နည်း ။
အိမ်မက်သည် . . . . . . . . . . . . . ။ ။