Saturday, January 28, 2012

မှတ်ဥာဏ်ဆိုတာ နာကျင်ခြင်းရဲ့  အရင်းအမြစ်

မှုန်ပြပြ ဆောင်းတစ်ညကို
သတိရတယ် ...
မနက်ဖြန်ဟာ ပွင့်လင်းရာသီရဲ့ 
ပထမဆုံး နေ့  များလား ....
နင်ချမ်းအေးမနေဘူးဆို သက်သေပြစရာမလိုအောင်
ငါ့မှာ .. သိ .. ရ .. တယ် .... ။
ငါတို့  ဖြတ်ကျော်ခဲ့ကြတဲ့ နွေ ၊ မိုး ၊ ဆောင်း
ငါတို့  ပြန်မရတော့တဲ့ နေ့ စွဲများ
ပျော့ညံ့ညံ့ နင့်မင်းသားခမျာ နှုတ်ခမ်းကို ကိုက်လို့ 
ခေါင်းငိုက် စိုက်ရတယ် ...

ငါတို့  ထိုင်ခဲ့ကြတဲ့ အအေးဆိုင်
ငါ့တို့  သွားခဲ့ကြတဲ့ ဘုရားပုထိုးများ
ငါ့တို့ ရဲ့ စကားဟာ
ငါတို့ ရဲ့  နှလုံးသား ဖြစ်ခဲ့ကြပေမယ့် .... ၊

ငါ့အခန်း နံရံ ပေါ်က နင့်လက်ရေးဟာ
ငါတို့ အတွက် နောက်ဆုံးအမှတ်တရ
ငါသတိရတိုင်း ထုတ်ထုတ်ကြည့်မိတဲ့
နင့်ရဲ့  အင်္ကျီလေး ....

ငါတို့  တနွမ်းတလျ ဝေးခဲ့ကြတယ် ...
ငါတို့  ... တနွမ်းတလျ ဝေးခဲ့ကြတယ် ...
ငါတို့  ... တနွမ်းတလျ ဝေး ... ခဲ့ကြတယ် ...

အချစ်ရယ် ............. ။ ။

Friday, October 7, 2011

အလွမ်း

ရာသီဥတုကတော့ တဖြည်းဖြည်းနဲ့ အေးလာပြီ
ကိုယ်ရဲ့ အိမ်အပြန်လမ်းတလျှောက်မှာ
နှင်းမြူတို့  အုံ့  မှောင် ပြာ နွမ်း ... ၊ ကိုယ် ....
ချမ်း .. လိုက်တာ .... ချစ်သူရယ် .... ။
ဘာပဲပြောပြော ဒီညကိုလည်း
ကိုယ်တစ်ယောက်တည်း အထီးကျန်စွာ
ဖြတ်သန်းရဦးမယ် ... ၊
ပတ်ဝန်းကျင်မှာ
ဆောင်းလေရိုင်းတို့  တနင့်တပိုး စီး .. ခတ် ...
ကိုယ့်အနာဂတ်ဟာ ဓားချက်တွေချင်း
ထပ် ... ရင်း ပေါ့ကွယ် ..... ။

Tuesday, May 18, 2010

သူငယ်ချင်း . . ငါတို့ ဖြူစင်ခဲ့ကြတယ်

လ သာသာ
ည မာယာ ထဲမျော
လွင့်နေလိုက်တာ စားပွဲပေါ်က
( ကွက်လပ် ) များ . . .
( ဥပမာ - မျက်ရည်စ များ . . )
နှလုံးသားကို စိုက်နစ်သွားတဲ့ အထိပဲ ။

ငါ ဆေးလိပ်သောက်တယ်
ငါ့အတွက် စိတ်လေးကြောင်း မင်းမပြောနိုင်တော့တာ
ကြာ . . ခဲ့ပေါ့
ငါတို့ တွေ ဝေး သွား လိုက် ကြ
ရတာ . . . . ၊

ကျောင်းသားဘ၀ . . .
မင်းလွယ်အိတ်လေး ငါလွယ်ပေးတော့
မင်း ပြုံးတယ်
ဖြူစင်လိုက်တာ . . ငုဝါ ရယ်
ငါ့ရာဇ၀င်မှာ ငါ
တစ်ရွက်ချင်း ကြွေကျခဲ့ရ . . . ၊
ဒါဟာ
ဘာနဲ့ မှလဲလို့ မရတဲ့
အရှင်းသန့် ဆုံး ချစ်ခြင်းမေတ္တာ ဆက်ဆံရေးပဲ
ဖြစ်တယ် ။

ဘယ်သူများ ငြင်းဆန်နိုင်မှာလဲ ၊
ကံတရားက ပိုင်းခြားခဲ့ပြီးမှတော့
ငါတို့ တွေ ဝေးသွားလိုက်ကြရုံ . . . .
တစ်ချိန်ချိန် ၊
တကယ်လို့ များ ငါတို့  ပြန်မတွေ့ ကြတော့ရင်
တကယ်လို့ များ . . .
ငါတို့ ပြန်မတွေ့ ကြတော့ရင် . .
တကယ်လို့ များ . . .
ငါတို့ 
့ပြန်မတွေ့ ကြတော့ရင် . .
ဒီကဗျာဟာ
မင်းကိုပေးတဲ့ ငါ့ရဲ့ 
နောက်ဆုံးလက်ဆောင်ပဲ ဖြစ်လိမ့်မယ် ။

" သူငယ်ချင်း . . ၊
ဆေးလိပ်က
လူကို ထိုင်းမှိုင်းစေတယ် . . . "

ငါ . . ထိုင်မှိုင်ရင်း . . . . . ။ ။

အမြင်သွေလွဲ အာရုံခံစားမှုလွန်

မနက်စောစော နုံးရိနေတဲ့စိတ်ဟာ အသားမာတက်
ဘယ်အချိန်ရောက်နေပြီလဲ ကိုယ့်ကိုကိုယ်ပြန်မေး
ရပါများလာတဲ့အခါ လမ်းဟာ တစ်လမ်းတည်း မသွားနိုင်တော့ဘူး

သူလည်း အကောင်းဆုံးပြင်ဆင်ခဲ့တာပေါ့ ဘယ်မှာလဲ
သူ့ အတွက် မြက်ခင်းစိမ်းလွင်ပြင်ဆိုတာတွေက ပြင်မရ ပြုမရနဲ့ 
မွဲမွဲလာတဲ့ အဲဒီ့ ( ဘာဆိုလား ) ကံတရားကြားမှာ ဓားစာခံ

အရင်းအနှီးနဲ့ အကျိုးအမြတ်ဟာ မျက်မြင်သက်သေပဲ
သရေပွဲတစ်ပွဲလို တစ်ယောက်ပခုံးတစ်ယောက်ပုတ်
ပြီး ဘယ်သူကမှလည်း လှည့်မပြန်နိုင်တော့ ဆိုတော့ကာ . . .

သူရောကိုယ်ရော ယစ်မောခဲ့ကြတဲ့ အဲဒီ့နေ့ ရက်တွေဟာ
အဲဒီ့နေ့ ရက်တွေမှာပဲ ပြန်လည်ဝါးမြုံသွားခဲ့တာလား
ဘယ်သူတည်ဆောက်ခဲ့တဲ့ ဇာတ်အိမ်မှာ ဘယ်သူက ဘယ်လို . .

ဘ၀နဲ့ မျှားခဲ့ကြရတာ နှစ်ဖက်သွားမျှားချိတ်မှာ ကိုယ်စီကိုယ်ငှ
စိုက်နစ်လွင့်မြူးလို့  . . . မီးကို စံပယ်ဖူးလို တယုတယခူးခဲ့ကြ
( တောက် ၊ အရေးအသားကလည်း ချာပါ့ကွာ )

ကိုယ့်ချွေးစက်တွေ သူ့ နားသယ်ထက်မှာခိုသီးနေတာ ကိုယ်ငေးကြည့်ခဲ့ရတယ်
ခံယူချက်ခြင်း ပွန်းတိုက်ခိုက်မိရုံနဲ့  အဓိပ္ပာယ်တွေ ဆင့်ကဲ
ပြောင်းလဲသွားတဲ့အခါ ပင်မစာမျက်နှာဟာလည်း အလင်းလှိုင်းတွေ ဖျော့ လျော့

သက်တံတွေ မရှိတော့ဘူး သက်တံတွေ မရှိတော့ဘူး သက်တံတွေ
မရှိတော့ဘူလား သက်တံတွေခမျာ တန်းဆင်းဇုန်ထဲမှာ မြုပ်နစ်သွားကြ
အပြုံးပါးလျတစ်ပွင့်ရဲ့  အိတ်စပိုင်ယာရီဒိတ်ဟာ . . .

တရွေ့ ရွေ့ နဲ့  အငွေ့ ပျံသွားတာလား တစ်နေ့ နေ့ တွေ
ကိုယ်တို့ တွေ နိမိတ်ဖတ်မှားခဲ့ကြတာလား ကိုယ်တို့ ဟာ မိတ်ဖက်
သံစဉ် မဖြစ်နိုင်တော့ဘူးလား ခုလက်ရှိ ကိုယ်တို့ ရဲ့ ဖြတ်သန်းမှု

စနစ်နဲ့ အဲဒီ့တုန်းက ကိုယ်တို့ ရဲ့ စိတ်ဟာ ဘယ်နှလမ်း . . . လွမ်းစရာ
ဟာ . . . လွမ်းစရာပဲလို့ ကိုယ်တို့ တွေ ယုံကြည်ခဲ့ကြသလား
ယုံကြည်နေတုန်းပဲလား ( ဒါမှမဟုတ် ဘာကို ယုံကြည် ? )

ယုံကြည်မှုဆိုတာဘာမှန်း မသေချာသေးခင် ကိုယ်တို့ ရူးခဲ့ကြ
ကိုယ်တို့ မြူးခဲ့ကြ ကိုယ်တို့ စူးခဲ့ကြသလား
သွေးကြောမျှင်စိမ်းနုနုထဲမှာ အလျားလိုက်နစ်မျောလာတဲ့ ( ဘာတဲ့ )

မလုံမခြုံ အယိုအပေါက်တွေနဲ့  အဓိကဇာတ်ဆောင်နှစ်ယောက် ( ကိုယ်တို့ ဟာ )
တချိန်တခါတွေ ၊ အသံတိတ်ဖွင့်ဟမှုတွေ ၊ ပြီး . . မြို့ ကြီးပြကြီးထဲက ပစ္စုပ္ပန်စစ်
စစ်ကြီးတွေထဲမှာ . . . . . . . . . . . . . ၊

" ရှင် ကျွန်မကိုချစ်ရင် ကျွန်မကို ရှင်ချစ်တဲ့အချစ်နဲ့ အချစ်ကို စွဲစွဲမြဲမြဲချစ်ပါ "
                                                                   - ( ဇေယျာလင်း )
ဖြူလျော့လျော့နှုတ်ခမ်းလွှာပေါ်မှာပင် . . . နာနာကျင်ကျင် . . . . ။ ။

နွံ

ဖယောင်းတိုင်မီးငယ်
ဖယောင်းရည်စက်လက်များ
လောင်ဝါးနေတဲ့ အာရုံရုတ်ခတ်မှုတွေ ။ ။

ဒီခေါင်းစဉ်က ဘယ်ထဲကထွက်လာတာလဲ

သုညက စ တာပါ လို့  ပြောမလား အဲဒါဆို ရင်ဘတ်ထဲဝင်
သောင်းကျန်းနေတဲ့ အဲဒီ့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဟာ ဘယ်အဆင့်
ထိရောက်နေပြီလဲ လက်ချင်းချိတ်မိရာက စ တာလား မူးလို့ 
မူးမှန်းမသိအောင် ရူးသွပ်နေတာ ( အလကား ၊ ဒါမျိုး ခဏခဏ ကြား
နေကျ ) ဘာမှ နေသားမကျဘူး ဟုတ်တယ်
မဟုတ်ဘူး မဟုတ်ဘူးနဲ့  ဟုတ်နေရတာ ကိုယ့်အကြောင်းကိုယ်သိ
' ချစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တစ်ထောင့်ငါးရာအရ ချစ်မှုထင်ရှားသဖြင့် . . . . '
ပြီး . . . . သွားတာပဲ ၊ ( ကိုယ် / စိတ် ) ဆင်းရဲမခံနိုင်တဲ့အဆုံးမှာ
' ပန်ဖို့ မှ မခူးရသေးဘူး နွမ်းသွားမလား စိုးနင့်ရတယ် '
. . . . . . . . . . . . . . . . . . . . - ( ဘယ်ကောင်မှန်းမသိ )
သူ့ ပါးတစ်ဖက်အပေါ် မွှေးမွှေးပေးခဲ့တာကိုရော ဘယ်လိုတာဝန်ယူမှာလဲ
အဲဒီ့မျက်လုံးကြီးနဲ့  လာလာမကြည့်နဲ့  အများကြီး မြတ်ပါတယ်ဆိုရင်
ဘာအဓိပ္ပါယ်နဲ့ မှ မြတ် ချင်တာဟာ / ဒါဟာ အချစ်လား
ရေခဲတုံးလို အိတ်ထူထူတစ်ခုထဲထည့်ပြီးပဲ ထုရိုက်ပစ်လိုက်ရမလား
ရီဆိုက်ကယ်လုပ်လို့ ရလား ဘာမှ နေသားမကျဘူး ဟုတ်တယ် ' မဟုတ်ဘူး . . . .
. . . . . ထင်သလို မဟုတ်ပါဘူး . . . . . ရယ် ' ကသူ့ အသံစစ်စစ်ပဲဆိုတာ
ဘာနဲ့ သက်သေပြမလဲ အာရုံကို စုစည်းလို့ မရတော့ဘူး တွေ့ လား
အဲဒီ့နေရာရောက်တိုင်း ဘ၀က ထစ် ထစ်သွားတာ အစင်းရာတွေပေါ့
' စုပ်ယူမှုတ်ထုတ်တာတဲ့ ။ ဘာကိုလဲတဲ့ ။ လေပူတွေကိုတဲ့ ။ မအေးသေးဘူးလားတဲ့ ။ '
. . . . . . . . . . . . . . . . . . . . - ( လူဆန်း )
' ဘယ်ကလာ ကောင်မလေးရယ် . . . လူကသာရယ်နေခဲ့တာ ။ စိတ်က . . . . '
စကားတွေက သေပြီး ရေစီးထဲ မျောသွားတယ် ခက်တာက မျောသွား
တဲ့ စကားတွေထဲမှာ ဘယ်လိုစကားတွေပါသွားသလဲ ပြန်ဖမ်းရ ပြန်စစ်ရ
ပါးစပ်ထဲပြန်ထည့်ပြီး နောက်တစ်ခါ ပြန်ပြောဖို့  အဆင်သင့်လုပ်ထားရ ဘာ
မှ နေသားမကျဘူး ဟုတ်တယ် ဘာမှကို နေသားမကျနိုင်ဘူး တွေ့ လား

ရော့  ၊ မင်းပြန်သွားကတည်းက ဖြစ်ပျက်နေတဲ့ ည ကို ကြည့် ။